စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA) က ကြီးမှူးသည့် (၂၂) ကြိမ်မြောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပခြင်း အခမ်းအနား။ (ဇန်နဝါရီလ ၁၆ ရက် ၂၀၂၁ ခုနှစ်)

စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA) က ကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက် (စနေနေ့) နံနက် (၉ : ၀၀) နာရီ တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် COVID-19 စည်းကမ်းချက်များနှင့်အညီ Virtual Ceremony ဖြင့် ကျင်းပခဲ့ပါသည်။ လက်ရှိကာလတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်မြန်ရောဂါ အခြေအနေ ကြောင့် ယခုနှစ်ပူဇော်ကန်တော့ပွဲကို ယခင်နှစ်များကဲ့သို့ ရေဆင်းတွင်ပြုလုပ်နိုင်ခြင်း မရှိပဲ နေထိုင်မှု ပုံစံအသစ်အရ Online မှ တစ်ဆင့် Zoom application ကို အသုံးပြုကာ လိုက်လျောညီထွေမှုရှိစွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၄၀) ဦးရှိခဲ့ပြီး ပြည်တွင်းသာမက ပြည်ပသို့ရောက်ရှိနေကြသော ဆရာကြီး၊ ဆရာမကြီးများလည်းတက်ရောက် ကန်တော့ခံဩဝါဒဆုပေးစကားများ ပြောကြားနိုင်ခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပမှ တပည့်ကျောင်းသူ၊ ကျောင်းသားဟောင်းစုစုပေါင်း (၅၂၈) ဦး တက်ရောက် ပူဇော်ကန်တော့နိုင်ခဲ့ကြပါသည်။ ပူဇော် ကန်တော့ပွဲအခမ်းအနားကိုလည်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် Facebook Page မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရာ Share ပြုလုပ်မှု (၅၄၀) ရှိခဲ့ပါသည်။

(၂၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားတွင် အငြိမ်းစားဆရာကြီး ဦးဟန်ညွန့်၊ ဦးလှအောင်နှင့် ဒေါက်တာတင်ထွဋ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများဖြစ်ကြသော ဒေါက်တာဆလိုင်းထွန်းသန်း၊ ဒေါက်တာ မြသောင်း၊ ဒေါက်တာစိန်ထွန်း၊ ဒေါက်တာစိုင်းမြင့်လွင်၊ ဒေါက်တာလှတင်ဦး နှင့် ဒေါက်တာတိုးလှိုင် တို့က  ဩဝါဒဆုပေးစကားများ ပြောကြားချီးမြှင့်ခဲ့ကြပါသည်။ ထို့ပြင် ဘွဲ့ရကျောင်းသူ/သား ဟောင်းများဖြစ်ကြသော ဒေါ်နွယ်နွယ်ဦး (၁၉၈၂ ကျောင်းဆင်း၊ ကလောင်အမည် မနီတာ၊)၊ ဒေါ်သင်းသင်းအေး (၁၉၈၄ ကျောင်းဆင်း၊ ကလောင်အမည် ဆင်းရနံ့) နှင့် ဦးနေထိုက်ဦး (၂၀၀၃ ကျောင်းဆင်း၊ ကလောင်အမည် ဒီနေ) တို့က မိခင်တက္ကသိုလ်နှင့် ဆရာကြီး၊  ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးတို့ကို ကဗျာရွတ်ဆို ပူဇော်ခဲ့ကြပါသည်။

ကွယ်လွန်သူ ဆရာကြီး၊ ဆရာမကြီးများနှင့် စိုက်ပျိုးရေးဘွဲ့ရများအားရည်စူး၍ အဆိုပါနေ့ နံနက်တွင် ရေဆင်းကန်ဦးပရိယတ္တိစာသင်တိုက်၌ အာရုံဆွမ်းဆက်ကပ်လှူဒါန်းမှုပြုလုပ်ခဲ့ကြပါသည်။


‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ပူဇော်ပွဲ အခမ်းအနားကို အောက်ပါ Link များတွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်-

https://www.mrtv.gov.mm/mm/news-101744

https://www.facebook.com/YezinAgriculturalUniversity/videos/213168020517607

Follow Us

Twitter

Recent Posts