ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ (ဇန်နဝါရီလ (၂၇) ရက်၊ ၂၀၂၁ ခုနှစ်)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာများကို ပြည့်ပြည့်ဝဝ နားလည်ကျွမ်းကျင်သော ပညာရှင်များ လိုအပ်ပါသည်။ ထိုကျွမ်းကျင်မှုများကို အတွေ့အကြုံများမှ လေ့လာဆည်းပူးသင်ယူကြရသကဲ့သို့ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများမှတဆင့်လည်း ရယူနိုင်ကြပါသည်။ သုတေသနလုပ်ငန်းများမှတဆင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးပါလှ ပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀ : ၀၀) နာရီ တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်စုဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အငြိမ်းစားသုတေသနပညာရှင်များ မျိုးဆက်သစ်သုတေသီများ၊ စိုက်ပျိုးရေးကဏ္ဍ၌ သုတေသနလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေသူ ပညာရှင်များက Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြားရာတွင် သုတေသန လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ပနိုင်ငံများ၏ နည်းပညာများနှင့် ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တောင်သူအကျိုးပြု သုတေသနများကိုလည်း အားပေးမှုများ ပြုလုပ်ပေးနေကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများ၏ ပူးပေါင်း ဆောင်ရွက်နိုင်မှု များက အလွန်အရေးကြီးကြောင်း၊ ထိုဌာနကြီး (၃)ဌာန အပြန်အလှန် ချိတ်ဆက်ပြီး သုတေသနလုပ်ငန်းများဖွံ့ဖြိးတိုးတက်ဖို့ ပိုမိုဆောင်ရွက်သင့်ကြောင်း၊ သုတေသန လုပ်ငန်းများအား ရပ်တန့်မနေစေဘဲ သုတေသနပညာရှင် အချင်းချင်း အပြန်အလှန်ဖလှယ်ကာ သုတေသန ရလဒ်များအား ဖတ်ကြားတင်ပြခြင်းဖြင့် ပိုမိုဆန်းသစ်သည့် ရလဒ်ကောင်းများ တီထွင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲကို အပတ်စဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာတမ်း (၃၈)စောင်ကို ဖတ်ကြားသွားရန် စီစဉ်ထားရှိကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါအခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီ တွင်  ရုပ်သိမ်းခဲ့ပါသည်။

Follow Us

Twitter

Recent Posts